Thursday, September 26, 2013

မြန်မာ့အရေအတွက် သန်း နှင့် ကုဋေ အသုံးပြုမှု အားနည်းလာခြင်း


မြန်မာ့အရေအတွက် သန်း နှင့် ကုဋေ အသုံးပြုမှု အားနည်းလာခြင်း
   မြန်မာ့အရေအတွက်တွင် “ခု,ဆယ်,ရာ,ထောင်,သောင်း,သိန်း,သန်း,ကုဋေ” ဟူ၍ရှိရာ ယခုအခါ မြန်မာနိုင်ငံ
တစ်ဝှမ်းလုံးတွင် သိန်းဂဏန်းအထိသာ သုံးစွဲနေကြသည်ကို သတိပြုမိကြပါလိမ့်မည်။သာဓကအနေဖြင့် အိမ်ခြံ
မြေဈေးများကို ဖော်ပြကြရာတွင် “သိန်း” ဂဏန်းဖြင့်သာဖော်ပြကြသည်ကို တွေ့ကြရပါသည်။နိုင်ငံတော်အစိုးရ
ကသာလျှင် နိုင်ငံ၏လူဦးရေကို “သန်း” ဂဏန်းဖြင့်ဖော်ပြသကဲ့သို့ အစိုးရ အဆောက်အဦးများကို“သန်း”ဂဏန်း
ဖြင့် သတင်းစာမှ ကြေညာသည်ကို တွေ့ရပါသော်လည်း နိုင်ငံတော်က ရင်နှီးမြှုပ်နှံမှုများကိုပင် “သိန်း” ဂဏန်း
ဖြင့်သာဖော်ပြနေသည်ကို တွေ့ရပါသည်။မြန်မာ့စာပေတွင် အခိုင်အမာရှိနေသော သန်းနှင့်ကုဋေ စာလုံးများကို
အသုံးပြုမှုအားနည်းလာသည်ကိုတွေ့ရပါ၍ ဤစာစုကို ရေးသားပါသည်။

   လွတ်လပ်ရေးရပြီး ခေတ်ကာလတုန်းက နိုင်ငံတော်နှင့်ဆိုင်သောကိစ္စများတွင် “ကုဋေ”သုံးခဲ့သည်ကို အမှတ်
လက္ခဏာတွေ့မြင်ခဲ့ရပါသော်လည်း ယခုခေတ်တွင် “ကုဋေ”အသုံးအနှုန်းကို ဘာကြောင့်များမသုံးကြလေသ
နည်း။အင်္ဂလိပ်အရေအတွက်တွင် Hundred(ရာ)၊Thousand(ထောင်)၊Million(သန်း)တို့သာရှိသော်လည်း 
မြန်မာထက်ပိုသော Billion(ကုဋေ၁၀၀/သန်း၁၀၀၀)၊Trillion(ကုဋေ တစ်သိန်း/သန်းပေါင်း တစ်သန်း)တို့လည်း
ရှိပါသည်။သို့သော် ယင်းအသုံးနှစ်ခုမှာ ဂဏန်းအလွန်ကြီးမား၍ အသုံးပြုခဲလှပါသည်။အင်္ဂလိပ်စကားတွင်
“ကုဋေ”အသုံးအနှုန်းမရှိ၍ မြန်မာလောက်ပြည့်စုံမှုမရှိပါ။မြန်မာတွင်ရှိသော“ကုဋေ”ကို အင်္ဂလိပ်စကားတွင်မရှိ၍
အင်္ဂလိပ်စတိုင် မသုံးကြဟုဆိုလျှင် အလွန်ပင် ဝမ်းနည်းဖွယ်ကောင်းလှပါသည်။

   အမှန်မှာ အင်္ဂလိပ်အရေအတွက်တွင် Billion(ကုဋေ၁၀၀/သန်း၁၀၀၀)၊Trillion(ကုဋေ တစ်သိန်း/သန်းပေါင်း 
တစ်သန်း)ရှိသကဲ့သို့ မြန်မာတွင်လည်းရှိပါသည်။မြန်မာ့အရေအတွက်ကို အောက်တွင်ဖော်ပြလိုက်ပါသည်။
တစ်ဆယ် ဆယ်လီ=၁၀၀(တစ်ရာ)

တစ်ရာ ဆယ်လီ=၁၀၀၀(တစ်ထောင်)

တစ်ထောင် ဆယ်လီ=၁၀၀၀၀(တစ်သောင်း)

တစ်သောင်း ဆယ်လီ=၁၀၀၀၀၀(တစ်သိန်း)

တစ်သိန်း ဆယ်လီ=၁၀၀၀၀၀၀(တစ်သန်း)

တစ်သန်း ဆယ်လီ=၁၀၀၀၀၀၀၀(တစ်ကုဋေ)

ကုဋေပေါင်း သိန်းတစ်ရာ=တစ်ပကောဋိ

ပကောဋိပေါင်း သိန်းတစ်ရာ=တစ်ကောဋိပကောဋိ

ကောဋိပကောဋိပေါင်း သိန်းတစ်ရာ=တစ်နဟုတ

နဟုတပေါင်း သိန်းတစ်ရာ=တစ်နိန္နဟုတ

(ဤမျှလောက်ကိုသာလျှင် သင်္ချာတတ်သော လောကီပုဂ္ဂိုလ်တို့ ရေတွက်နိုင်သည်။ဤထက်အလွန်ကား ဘုရား၊
ရဟန္တာတို့မှသာ ရေတွက်နိုင်သည်။)

နန္နဟုတ တစ်သိန်းတို့၏ တစ်ရာ=တစ်အက္ခောဘိဏီ

အက္ခောဘိဏီ တစ်သိန်းတို့၏ တစ်ရာ=တစ်ဗိန္ဒု

ဗိန္ဒု တစ်သိန်းတို့၏ တစ်ရာ=တစ်အဗ္ဗုဒ

အဗ္ဗုဒ တစ်သိန်းတို့၏ တစ်ရာ=တစ်နိရဗ္ဗုဒ

 အခါတစ်ပါးတွင် ဘုရားသခင်သည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အာဘဿရဘုံတွင် မိစ္ဆာဒိဋ္ဌိအယူ
ရှိသော ဗကဗြဟ္မာကိုမြင်တော်မူ၏။ထိုဗြဟ္မာကား ရှေးလူ၏အဖြစ်၌ အနှစ်တစ်သိန်းမျှလောက် ရသေ့ရဟန်း
ပြု၍ ဈာန်သမာပတ်တို့ကို မပြတ်လေ့လာသဖြင့် ခန္ဓာကြွေလတ်သော် မဟာကပ်ကမ္ဘာငါးရာ အသက်ရှည်သော
ဝေဟပ္ဖိုလ်ဘုံ၌ မဟာကပ်ငါးရာပတ်လုံး ဗြဟ္မာတို့၏ချမ်းသာကို ခံစားပြီး၍ စုတေသော် ခြောက်ဆယ့်လေး
ကမ္ဘာအသက်ရှည်သော သုဘကိဏ်ဘုံ၌ဖြစ်၏။ထိုမှ စုတေပြန်သော် ရှစ်ကမ္ဘာအသက်ရှည်သော အာဘဿရာ
ဘုံ၌ဖြစ်၏။ဗကဗြဟ္မာသည် အထက်ဘုံတို့မှ စုတေလာသော်လည်း ဗြဟ္မာဘုံ၌သာအဖန်ဖန်ဖြစ်ရပါ၍ စုတေမှန်း
မသိ။ဗြဟ္မာဘုံ၌ အသက်ရှည်ကြာစွာနေရသဖြင့် အစဉ်အမြဲတည်မြဲ၏ဟု သဿဒအယူဝါဒဖြစ်ရလေ၏။မြတ်စွာ
ဘုရားသည် ဗကဗြဟ္မာ၏ အယူမှားကိုစွန့်လွှတ်စေလို၍ ဗကဗြဟ္မာ၏အသက်အပိုင်းအခြားကိုဟောပြော၏။
သဿဒအယူဝါဒရှိသော ဗကဗြဟ္မာထင်ရှားသိစေလို၍ မြတ်စွာဘုရားရှင်သည် ဗကဗြဟ္မာအား“အပ္ပမှိ ဟိ ဧတံ
 န ဒီဃာယု”အစရှိသောဂါထာကို မိန့်တော်မူရာ အဓိပ္ပာယ်ကား“ချစ်သားဗက...ဤဗြဟ္မာရွာ၌ သင်ကြာသော
ကာလကား အန္တရကပ်အရေအတွက်အားဖြင့် တစ်သိန်းသုံးသောင်းခြောက်ထောင်လေးရာ့သုံးဆယ့်နှစ်ကပ်
သာဖြစ်သည်။နှစ်အရေအတွက်အားဖြင့် နိရဗ္ဗုတ တစ်သိန်းမျှသာရှိသေးသည်။ဇာတိ၊ဇရာ၊မရဏကိုလည်း
မလွန်ရချေသေး၊စုတေရမည်မချွတ်ဟု ငါမြင်တော်မူ၏။သင် ပညာကင်းသောကြောင့် အသက်ကြွင်းကိုမျှ မမြင်
သတည်း”ဟုမိန့်တော်မူ၏။


   အထက်ပါ ဗကဗြဟ္မာ၏အသက်ကို မြတ်စွာဘုရားပြတော်မူသော စကားကို ထောက်ထား၍ ကိန်းဂဏန်းများ
ရေတွက်ပုံကို သိရပါသည်။


    ဤစာစုကို ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီးရေးသားတော်မူသော ဇိနတ္ထပကာသနီကျမ်းမှ ဗကဗြဟ္မာ 
ချွတ်တော်မူခြင်းကို မှီငြမ်းရေးသားပါသည်။

Tag;ရိုးရာရေတွက်ပုံ အပျောက်စေလို


2 comments:

  1. ပိဋကသင်္ချာအရေအတွက်တွင် “၁”၏နောက်တွင် သုည “၀”အလုံးပေါင်း ၁၄၀အထိကို သာလျှင်ရေတွက်၍ရပြီး ဘယ်၍ဘယ်မျှဂဏန်းချ၍မရတော့သည့်အခါ “တစ်အသင်္ချေ”ဟုခေါ်ဆိုကြောင်း...ကမ္ဘာဖြစ်ပျက်ပုံများကို အသင်္ချေဖြင့်သာလျှင်ရေတွက်ရသည်အထိဖြစ်ကြောင်းဖော်ပြထားလေ၏.....
    ဘုရား၊ပစ္စေက၊ရဟန္တာတို့သည် မိမိရည်မှန်းသော အဆင့်အလိုက် ပါရမီများပြည့်မီအောင်ဖြည့်ကြရရာ သဗ္ဗညူမြတ်စွာဘုရားရှင်တို့သည် ပညာဓိကမြတ်စွာဘုရားကား ၄အသင်္ချေနှင့်ကမ္ဘာတစ်သိန်း၊သဒ္ဓါဓိကမြတ်စွာဘုရားကား ၈အသင်္ချေနှင့်ကမ္ဘာတစ်သိန်း၊ဝိရိယာဓိကမြတ်စွာဘုရားကား ၁၆အသင်္ချေနှင့်ကမ္ဘာတစ်သိန်း၊ပစ္စေကမြတ်စွာဘုရားတို့ကား ၂အသင်္ချေနှင့်ကမ္ဘာတစ်သိန်း၊လက်ဝဲ,လက်ယာရံသာဝကတို့ကား ၁အသင်္ချေနှင့်ကမ္ဘာတစ်သိန်းပါရမီဖြည့်ကျင့်ရကြောင်းသိရ၏....သာမန်သာဝကတို့အတွက်မှာမူ ထိုမျှလောက်ပါရမီဖြည့်ရန်မလိုပဲ မဂ်ဖိုလ်နိဗ္ဗာန်ကို ရလိုမှုပြင်းထန်သောဆန္ဒဖြင့်ကြိုးစားက ယခုမျက်မှောက်ဘဝတွင်ပင်ရနိုင်ကြောင်းလည်းသိရပေ၏.....

    ReplyDelete
  2. ပိဋကသင်္ချာအရေအတွက်တွင် “၁”၏နောက်တွင် သုည “၀”အလုံးပေါင်း ၁၄၀အထိကို သာလျှင်ရေတွက်၍ရပြီး ဘယ်၍ဘယ်မျှဂဏန်းချ၍မရတော့သည့်အခါ “တစ်အသင်္ချေ”ဟုခေါ်ဆိုကြောင်း...ကမ္ဘာဖြစ်ပျက်ပုံများကို အသင်္ချေဖြင့်သာလျှင်ရေတွက်ရသည်အထိဖြစ်ကြောင်းဖော်ပြထားလေ၏.....
    ဘုရား၊ပစ္စေက၊ရဟန္တာတို့သည် မိမိရည်မှန်းသော အဆင့်အလိုက် ပါရမီများပြည့်မီအောင်ဖြည့်ကြရရာ သဗ္ဗညူမြတ်စွာဘုရားရှင်တို့သည် ပညာဓိကမြတ်စွာဘုရားကား ၄အသင်္ချေနှင့်ကမ္ဘာတစ်သိန်း၊သဒ္ဓါဓိကမြတ်စွာဘုရားကား ၈အသင်္ချေနှင့်ကမ္ဘာတစ်သိန်း၊ဝိရိယာဓိကမြတ်စွာဘုရားကား ၁၆အသင်္ချေနှင့်ကမ္ဘာတစ်သိန်း၊ပစ္စေကမြတ်စွာဘုရားတို့ကား ၂အသင်္ချေနှင့်ကမ္ဘာတစ်သိန်း၊လက်ဝဲ,လက်ယာရံသာဝကတို့ကား ၁အသင်္ချေနှင့်ကမ္ဘာတစ်သိန်းပါရမီဖြည့်ကျင့်ရကြောင်းသိရ၏....သာမန်သာဝကတို့အတွက်မှာမူ ထိုမျှလောက်ပါရမီဖြည့်ရန်မလိုပဲ မဂ်ဖိုလ်နိဗ္ဗာန်ကို ရလိုမှုပြင်းထန်သောဆန္ဒဖြင့်ကြိုးစားက ယခုမျက်မှောက်ဘဝတွင်ပင်ရနိုင်ကြောင်းလည်းသိရပေ၏.....

    ReplyDelete