Sunday, September 21, 2014

ယာဉ်မောင်းသူ အထူးဂရုစိုက်မောင်းနှင်ရမည့်အကြောင်းခြင်းရာများ(Special Driving Situations)



ယာဉ်မောင်းသူ အထူးဂရုစိုက်မောင်းနှင်ရမည့်အကြောင်းခြင်းရာများ


          Special Driving Situations


      ယာဉ်မောင်းသူသည် အောက်ဖော်ပြပါအကြောင်းခြင်းရာများကိုကြည့်၍ အထူးပြုဂရုစိုက်မောင်းနှင်မည်
ဆိုလျှင် လုံခြုံစိတ်ချအန္တရာယ်ကင်းဘေးရှင်းစေပါလိမ့်မည်။













၁။သင်၏ယာဉ်မြင်နိုင်စွမ်းကို ထိန်းသိမ်းမောင်းနှင်ပါ။(Keep your car visible.)

     ယာဉ်မောင်းသူသည် နောက်ကြည့်မှန်များ(Side mirrors and rear view mirror)ကိုသာလျှင် ကြည့်မည်
ဆိုပါက ယာဉ်မောင်းသူ၏ မျက်ကွယ်အရပ်သို့ ဝင်ရောက်လာသော အခြားယာဉ်များအား မြင်နိုင်စွမ်းရှိမည်
မဟုတ်ပါ။သို့မို့ကြောင့် ဦးခေါင်းကိုလှည့်၍ မျက်ကွယ်အရပ်အားကြည့်ရပေမည်။ဤအတူအခြားယာဉ်မောင်း၏
မျက်ကွယ်အရပ်တွင် ကြာရှည်စွာမနေသင့်ပါ။အကယ်၍အခြားယာဉ်မောင်း၏ မျက်ကွယ်အရပ်သို့ဝင်ရောက်
နေမိလျှင်မြန်နိုင်သမျှ ခပ်မြန်မြန်ကျော်တက်ခြင်း သို့မဟုတ် ခပ်ခွာခွာနောက်ချန်၍ လိုက်သင့်ပေ၏။
(Do not linger in another driver's blind spot and as quickly as you can,drop back or pass the
 vehicle.)

















၂။လမ်းအခြေအနေဘယ်လိုရှိနေမလဲကြည့်ပါ။(What is the road condition)

      သင်၏အရှိန်မြန်လေ သင့်ယာဉ်၏အားထိန်းချုပ်နိုင်မှုအခွင့်အရေးနည်းလေ ဖြစ်စေလိမ့်မည်ကို သတိပြုပါ။
ထို့ကြောင့် သတ်မှတ်ထားသောအမြန်နှုန်းထက် သင်၏အရှိန်ကျော်လွန်သွားပါက လမ်းအခြေအနေကိုကြည့်ပြီး
ချိန်ညှိကာမောင်းနှင်သင့်ပေသည်။များစွာသော ယာဉ်မောင်းအတွေ့အကြုံနုနယ်သေးသည့် ယာဉ်မောင်းများ
သည် အတွေ့အကြုံများသော ယာဉ်မောင်းများထက် လမ်းအခြေအနေကိုကြည့်ပြီး သူတို့၏အရှိန်ကို ချိန်ညှိ၍
မောင်းနှင်နိုင်မှု အားနည်းတတ်ပြီး မိမိယာဉ်အားထိန်းချုပ်နိုင်မှုမရှိဖြစ်ရကာ ယာဉ်မတော်တဆမှု ဖြစ်ပွားနိုင်ချေ
ပို၍ များရပေ၏။
















၃။အကွေ့အဝိုက်ကွေ့ကြောများတွင် ဂရုစိုက်မောင်းနှင်ပါ။(Curves)


    အကွေ့အဝိုက်ကွေ့ကြောများသည် ယာဉ်မောင်းသူ၏ယာဉ်အား စက်ဝန်းအပြင်ဘက်သို့ဆွဲချတတ်၏။ဤ
သို့သောအခြေအနေကြောင့် မိုးရေ၊ရွှံ့၊ဆီးနှင်း၊ရေခဲနှင့်ကျောက်စရစ်ခဲများရှိလျှင် လမ်းချော်တတ်ခြင်းပိုဖြစ်စေ
ကာ အလွန်အန္တရာယ်များစေတတ်သည်ကို ဂရုစိုက်ပါ။အကယ်၍ဤကဲ့သို့အကွေ့အဝိုက်များတွင် သတ်မှတ်
ထားသောအမြန်နှုန်းဖြင့်ကွေ့ရမည်ဟုဖော်ပြထားမှုမရှိပါက ယင်းကွေ့ကြောသို့မဝင်မီ ကွေ့ကြောမည်မျှအထိ
ကွေ့ဝိုက်သည်ကိုကြည့်၍ သင့်ယာဉ်၏အရှိန်ကို ချိန်ညှိကာမောင်းနှင်သင့်ပေ၏။မိမိရှေ့တွင် မည်သို့ဖြစ်ပျက်
နေသည်ကို မြင်နိုင်စွမ်းမရှိတတ်သဖြင့် ကွေ့ကြောသို့မဝင်မီ အရှိန်ကို(Slow down)လျှော့ချရမည်။ဘရိတ်ခ်ကို
လုံးဝ မဖမ်းမိပါစေနဲ့။ကွေ့ကြောကို မောင်းနှင်စဉ် ဘရိတ်ခ်ကို အသုံးပြုလျှင် လမ်းချော်ထွက်ခြင်းဖြစ်စေသည်
ကို သတိပြုပါ။သင်၏လက်ကိုင်ဘီးကို လက်တစ်ဖက်ကဆွဲ တစ်ဖက်ကတွန်းနည်း(Pull-push Steering)ဖြင့်
ထိန်းသိမ်းမောင်းနှင်ရမည်။






မှတ်ရန်။        ။လက်ကိုင်ဘီးကို စံနစ်တကျကိုင်နည်း စံနစ်(၃)မျိုးရှိ၏။



(က)လက်ကိုင်ဘီးကို လက်တစ်ဖက်ကဆွဲ တစ်ဖက်ကတွန်းနည်း(Pull-push Steering)

      ဤနည်းသည် လက်တစ်ဖက်က လက်ကိုင်ဘီးကို အောက်သို့ဆွဲချ၊အခြားလက်တစ်ဖက်က အပေါ်သို့
တွန်းတင်၍ ကိုင်ရကာ အကွေ့အဝိုက်များတွင် ယာဉ်အားအပြင် သို့မဟုတ် အတွင်းသို့ ချော်ထွက်မသွားစေရန်
အဓိက အသုံးပြုရ၏။ ဤနည်းသည် လက်ကိုင်ဘီးကို ညင်သာချောမွေ့စွာလည်စေပြီး လိုအပ်သည်ထက်
အလွန်အကျွံလှည့်မိစေခြင်းကို ကာကွယ်စေလိမ့်မည်။လက်ကိုင်ဘီးကို လိုအပ်သည်ထက်လှည့်မိစေခြင်းသည်
(Over Steering)ယာဉ်အားထိန်းချုပ်နိုင်စွမ်းမှုလျော့ကျစေ၏။သင်၏လက်နှင့် လက်မများကို လက်ကိုင်ဘီး
ွအတွင်းသို့ ဆုပ်ကိုင်ခြင်းမပြုစေပဲ လက်ကိုင်ဘီး၏အပြင်ဘက်တွင်ထား၍မောင်းနှင်ပါ။(Keep your hands
and thumbs on the outside of the steering wheel.)




(ခ)လက်တစ်ဖက်ပေါ်တစ်ဖက်က ထပ်၍ကိုင်နည်း(Hand-Over-Hand Steering)

        ဤနည်းမှာ ယာဉ်ကို လက်ယာဘက်သို့သွားစေ၊ကွေ့စေလိုလျှင် လက်ကိုင်ဘီးကိုလက်ယာဘက်သို့
လှည့်ရပြီး ဘယ်-ညာ ကန့်လန့်ဖြတ်အနေအထားရောက်က ဘယ်လက်ကိုမလွှတ်ရ၊အနေအထားအလိုက်သင့်
ပြောင်းပြီးလှည့်ရကာ ညာလက်ကို လွှတ်၍ ၁၀း၁၀နာရီသို့ဖြစ်အောင်ပြန်ကိုင်နိုင်ရမည်။ပြန်ဖြေလျှင် ပြောင်းပြန်
မဖြေရ၊လက်ဝဲဘက်သို့လှည့်ပြီး ညာ-ဘယ် ကန့်လန့်ဖြတ် အနေအထားရောက်က ညာလက်ကို မလွှတ်ရ၊
အနေအထားအလိုက်သင့်ပြောင်း ပြီးလှည့်ရကာ ဘယ်လက်ကို လွှတ်၍ မူလအနေအထား ၁၀း၁၀နာရီသို့
ဖြစ်အောင် လက်ကိုင်ဘီးကို အနေအထားမှန်ကန်စွာ ပြန်ကိုင်နိုင်ရမည်။



      ဤနည်းကို လက်ကိုင်ဘီးအားအလွန်လဆင်မြန်စွာလှည့်ရန်လိုအပ်သည့်အခါများဖြစ်သည့် ယာဉ်အား
ပါကင်သွင်းစဉ်(Parking)၊လက်ယာဘက်သို့လျှင်မြန်စွာချိုးကွေ့စဉ်(Performing sharp right turn)၊လမ်းချော်
ထွက်ခြင်းကို အလျှင်အမြန်ဖြေရန်(Correcting a skid)တို့တွင်အသုံးပြုရ၏။


(ဂ)လက်တစ်ဖက်တည်း ကိုင်နည်း(One-Hand Steering)



      ဤနည်းကို ယာဉ်အားနောက်ဆုတ်စဉ် ဘယ် သို့မဟုတ် လက်ယာဘက်သို့ အပြည့်အဝချိုးကွေ့စရာမလို
သည့်အခါတွင်လည်းကောင်း၊ယာဉ်မောင်းနှင်နေစဉ် အန္တရာယ်ကင်းစေရန်နှင့် သက်သက်သာသာရှိစေရန်
အတွက် ထိန်းသိမ်းမောင်းနှင်သည့်အခါများတွင်လည်းကောင်း အသုံးပြုရ၏။











၎။ယာဉ်သွားများသည့်လမ်းများတွင် ဂရုစိုက်မောင်းနှင်ပါ။(Driving in Heavy Traffic)
        ယာဉ်အသွားအလာများသည့်လမ်းများတွင် ပို၍ဖြည်းညှင်းစွာမောင်းနှင်ပါ။သို့မှသာ မိမိရပ်လိုသော
အကွာအဝေးအတွင်းတွင် ကောင်းစွာရပ်နိုင်ပါလိမ့်မည်။ယေဘုယျအားဖြင့်အောက်ဖော်ပြပါနေရာများတွင် ပို၍
ဖြည်းညှင်းစွာမောင်းနှင်ရန်လိုပါမည်။





(က)ကားပါကင်နေရာနှင့်မြို့တွင်းနေရာများ(Parking Lots and Downtown areas)


(ခ)ယာဉ်ကြောကြတ်တည်းသည့်လမ်းမများ(Roads with Heavy Traffic)



(ဂ)မိမိရှေ့မှများစွာသောယာဉ်များ၏ ဘရိတ်ခ်မီးရောင်များကိုလှမ်းမြင်ရစဉ်(Brake Lights of Several
    Vehicles Ahead of You)






(ဃ)တံတားကျဉ်းများနှင့် ဥမှင်လှိုဏ်များကို ဖြတ်စဉ်(Narrow Bridges and Through Tunnels)

(င)လမ်းအသုံးပြုခကောက်ခံသည့်နေရာများအားဖြတ်စဉ်(Through Tool Gates)


(စ)ကျောင်းများ၊အားကစားကွင်းများအနီးနှင့်လူနေရပ်ကွက်များအတွင်း(Near Schools,Playgrounds, and
    in Residential areas.)















၅။ယာဉ်ကြောစီးဆင်းမှုအလျင်ကိုကြည့်၍ ဂရုစိုက်မောင်းနှင်ပါ။(Traffic Speeds)

        များစွာသောယာဉ်မတော်တဆမှုတို့သည် ယာဉ်တစ်စီးသည် အခြားသောယာဉ်များထက် အလွန်လျင်
မြန်စွာမောင်းခြင်း၊အလွန်နှေးကွေးစွာမောင်းခြင်းကြောင့် ဖြစ်ရတတ်သည်ကို သတိပြုပါ။အကယ်၍သင်သည်
အခြားသောယာဉ်များထက် အလွန်လျင်မြန်စွာမောင်းပါက ယာဉ်မတော်တဆမှုပို၍ဖြစ်နိုင်ချေများပေလိမ့်မည်။
ထို့အတူ အခြားယာဉ်များထက်အရှိန်လျော့နည်းစွာမောင်းလျှင်သော်လည်းကောင်း၊ရုတ်တရက်ချက်ချင်း ရပ်
လျှင်လည်းကောင်း အလွန်လျင်မြန်စွာမောင်းသကဲ့သို့ များစွာအန္တရာယ်ကြီးပေ၏။အလွန်အန္တရာယ်ကြီးနှင့်
မကြုံတွေ့ရငြားလည်းယာဉ်နောက်ပိုင်းကို အခြားယာဉ်မှတိုက်မိခြင်းသော်လည်းဖြစ်ရတတ်၏။အကယ်၍
သင်သည် လက်ဝဲဘက်အစွန်ဆုံးယာဉ်ကြော(Fast Lane)ပေါ်တွင်ရှိနေပြီး လက်ယာဘက်ယာဉ်ကြောမှ
ယာဉ်များက မိမိအားကျော်တက်နိုင်ချေရှိသည်ဟု သတိပြုမိလျှင် သို့မဟုတ် သင်၏နောက်တွင် ယာဉ်တန်း
ကြီးဖြစ်စေမိလျှင် အကောင်းဆုံးပြုလုပ်ရမည်မှာ ဘေးအန္တရာယ်ကင်းစေရန်အလို့ငှာ လက်ယာဘက်ယာဉ်
ကြောသို့ရွှေ့ပေးပြီး မိမိနောက်ဘက်မှယာဉ်တန်းအား ကျော်တက်ခွင့်ပြုလိုက်ပါ။











၆။အန္တရာယ်များသည့်နေရာတွင် ဂရုစိုက်မောင်းနှင်ပါ။(Driving Hazards)

(က)လမ်းပေါ်တွင် ရေများရှိခြင်း(Water on the Road)



          အကယ်၍လမ်းမပေါ်တွင် ရေများစွာရှိလျှင် အရှိန်ကိုလျှော့ချပါ။မိုးသည်းထန်စွာရွာသွန်းနေစဉ် သင်
သည် မိုင်၅၀နှုန်းအထက် မောင်းမည်ဆိုပါက သင့်ကား၏တာယာများသည် လမ်းမျက်နှာပြင်မှလွတ်ထွက်ကာ
ရေပေါ်တွင် ရှပ်ပြေးယာဉ်ကဲ့သို့(Hydroplaning) ပြေးစေလိမ့်မည်။လားရာအရပ်သည်လည်း အနည်းငယ်
ပြောင်းလဲသွားခြင်း သို့မဟုတ် လမ်းချော်ခြင်းဖြစ်စေလိမ့်မည်။ဤကဲ့သို့ ရေပေါ်တွင် ရှပ်ပြေးသကဲ့သို့ဖြစ်လျှင်
ဖြစ်ချင်း သင်၏အရှိန်ကို ဖြည်းဖြည်းခြင်းလျှော့ချပါ။ဘရိတ်ကို မနင်းမိပါစေနဲ့။


Slow down gradually but do not apply the brakes.




(ခ)ချော၍စိတ်မချရသောလမ်းများ(Slippery Roads)




          အထူးသဖြင့် အလွန်ခြောက်သွေ့နေစဉ် ရုတ်တရက် မိုးရွာချလိုက်သည့်အခါ လမ်းချော်မှုအဖြစ်များ
တတ်သဖြင့် သင်၏အရှိန်ကို (Slow down)လျှော့ချပါ။အဘယ်ကြောင့်ဆိုသော် များစွာသောလမ်းတို့သည်
ဤသို့လမ်းချော်ရခြင်းမှာ ဆီကွက်များ အမှိုက်သရိုက်များသည် လမ်းပေါ်မှ ကောင်းစွာဆေးကြောခြင်းမရှိသေး
ကြောင့်ဖြစ်၏။ချောနေသောလမ်းမျက်နှာပြင်သည် တာယာများကိုကောင်းစွာထိန်းထားနိုင်ခြင်းမရှိသဖြင့်
ခြောက်သွေ့သောလမ်းထက် ပို၍ဖြည်းညှင်းစွာ မောင်းသ်င့ပေ၏။အောက်ပါအခြေအနေများတွင် သင်၏အရှိန်
ကို ချိန်ညှိယူပါ။







   -စိုစွတ်သောလမ်း(Wed Road)တွင် ၅မိုင်မှ ၁၀မိုင်နှုန်းအထိလျှော့ချမောင်းနှင်ပါ။(Go 5-10 mph slower.)
   -ဆီးနှင်းပြင်(Packed Snow)ဖြစ်နေလျှင် သင်၏အရှိန်ကို ထက်ဝက်ခန့်အထိလျှော့ချပါ။(Reduce your
    speed by half.)







   -ရေခဲပြင်(Ice)ပေါ်တွင် ဘီးလိမ့်သည်ဆိုရုံမျှ ဖြည်းညှင်းစွာသွားသည်အထိ အရှိန်ကိုလျှော့ချပါ။

   (Slow to a crawl.)







       အချို့သောလမ်းမျက်နှာပြင်သည် အခြားနေရာများထက်လွန်စွာချော်တတ်သောကြောင့် “သတိ လမ်း
ချော်တတ်သည်ဖြည်းဖြည်းမောင်း” ဟူသော “SLIPPERY” သတိပေးဆိုင်းဘုတ်ထောင်ထားတတ်ရာ သင့်
အားများစွာအထောက်အကူပြုသည်ကို မှတ်သားပါ။အောက်ဖော်ပြပါ အချက်များကို သိရှိမှတ်သားထားပါ။
သင့်အားများစွာအထောက်အကူပြုပါလိမ့်မည်။





   -အေးပြီးစွတ်စိုသောနေ့တွင် သစ်ပင်များ သို့မဟုတ် အဆောက်အဦးများ၏အရိပ်ကျရောက်ရာနေရာများတွင်
    ရေခဲများခိုအောင်းနေနိုင်သည်။ဤကဲ့သို့သောနေရာများတွင် အလျင်အမြန်အေးခဲစေတတ်ပြီး နောက်ကျမှ
   အရည်ပျော်ခြောက်သွေ့မှုကြန့်ကြာတတ်သည်ကိုသတိပြုပါ။




   -တံတားများ(Bridges)နှင့်ရထားလမ်းကူးကဲ့သို့သော လမ်းတစ်ခုအပေါ်တစ်ခုကဖြတ်သွားသောလမ်းကျော်
   နေရာများ(Overpasses)တွင် ရေခဲအစက်အပြောက်များပို၍ဖြစ်ပေါ်စေပြီး ခိုအောင်းနေစေတတ်သည်ကို
   သတိပြုပါ။







   -အလွန်ပူပြင်းသောနေ့တွင် ပထမဦးဆုံးရွာသွန်းသောမိုးရေကြောင့် မိနစ်ပေါင်းများစွာကြာသည်အထိ လူ
သွားစင်္ကြံပလက်ဖောင်းများသည် အလွန်ချော်စေလိမ့်မည်။အပူကြောင့် ဆီကွက်များအရည်ပျော်စေကာ လမ်း
မျက်နှာပြင်အား အလွန်ချောစေလိမ့်မည်ကို သတိပြုပါ။သို့မို့ကြောင့် မိုးစရွာရွာချင်းယာဉ်မောင်းမည်ဆိုလျှင်
အထူးဂရုစိုက်ကာမောင်းနှင်သင့်ပေ၏။





(ဂ)လေပြင်းတိုက်ခတ်စဉ်(High Winds)





    ကုန်ကားကြီးများ၊ထရပ်ကားကြီးများ၊ထွေလာဆွဲသွားရသောကားများမောင်းနှင်စဉ် လေပြင်းတိုက်ခတ်လာ
ပါက များစွာအန္တရာယ်ကြီးစေလိမ့်မည်။ယင်းကဲ့သို့လေပြင်းတိုက်ခတ်စဉ်တွင် ယာဉ်မောင်းမည်ဆိုပါက ကြိုတင်
ပြင်ဆင်ထားသင့်ကာ ယာဉ်မောင်းနှင်နေစဉ် အောက်ပါအချက်များအတိုင်းလိုက်နာဆောင်ရွက်ပါ။

သင်၏အရှိန်ကိုလျှော့ချပါ။(Reduce your speed.)




    ယင်းသို့အရှိန်ကိုလျှော့ချသဖြင့် သင်သည် ယာဉ်ကိုကောင်းစွာထိန်းချုပ်နိုင်ပြီး သင့်ယာဉ်အား လေပြင်းဝှေ့   
တိုက်ခတ်မှုဘေးမှ ကာကွယ်ရန်အချိန်ရစေပါမည်။





လက်ကိုင်ဘီးပေါ်တွင်မိမိလက်အားမြဲမြံစွာထားပါ။(Maintain a firm hand position on the
steering wheel.)







     လေပြင်းဘယ်အချိန်တိုက်ခတ်မယ်ဆိုတာ ကြိုတင်မခန့်မှန်းနိုင်ပါဘူး။အကယ်၍ သင်သည် လက်ကိုင်ဘီး
ကို မြဲမြံစွာ မကိုင်တွယ်ထားမိလျှင် လေပြင်းတိုက်ခတ်မှုကြောင့် သင်၏လက်သည် လက်ကိုင်ဘီးပေါ်မှ ဆတ်
ခနဲလွတ်ထွက်သွားစေကာ ယာဉ်မတော်တဆမှုဖြစ်စေလိမ့်မည်ကို သတိပြုပါ။











အမြဲနိုးနိုးကြားကြား သတိဝိရိယရှိပါ။(Be alert.)




      လေပြင်းတိုက်ခတ်လာလျှင် မိမိယာဉ်၏ရှေ့မြင်ကွင်းအား အမှိုက်သရိုက်များလွင့်စင်လာမှုကို အမြဲသတိ
ဖြင့် စောင့်ကြည့်ရပေမည်။လေပြင်းတိုက်ခတ်မှုကြောင့် လမ်းမကြီးပေါ်တွင် အမှိုက်သရိုက်များပြန့်ကျဲစေပြီး
မိမိရှေ့တူရူလမ်းကြောင်းအမြင်ကိုလည်းထိခိုက်စေတတ်ပါ၍ ရှေ့မြင်ကွင်းကို အမြဲမပြတ်စောင့်ကြည့်ခြင်းအား
ဖြင့် ဖြစ်နိုင်ချေရှိသောအန္တရာယ်များကို ကြိုတင်ကာကွယ်ဖို့ရာ အချိန်ရစေပါလိမ့်မည်။


ပုံမှန်အနေအထားမျိုးထိန်းချုပ်မှု ခရုဇ်ကွန်ထရိုးလ်အသုံးမပြုပါနဲ့။(Do not use cruise control.)
      စက်အရှိန်ကိုမြှင့်တင်ပေးသည့် Gas pedal(Accelerator) လီဗာကို အထူးဂရုစိုက်ထိန်းသိမ်းကာ မောင်း
နှင်ပါမှ မခန့်မှန်းနိုင်သောလေပြင်းဝှေ့တိုက်ခတ်မှုဘေးမှကာကွယ်နိုင်ရန်အခွင့်အလမ်းရစေပါမည်။

ကြိုတင်ပြီး တက်တက်ကြွကြွ သတိဝိရိယရှိနေပါစေ။(Be proactive.)


      လေပြင်းမုန်တိုင်းသည် မိမိအပေါ်ဘယ်အချိန်ကျရောက်တိုက်ခတ်လာမည့်အနေအထားကို စောင့်ကြည့်
နေပါ။ယင်းသို့စောင့်ကြည့်နေခြင်းအားဖြင့် မိမိအပေါ်မကျရောက်လာမီ ယာဉ်အားလမ်းဘေးသို့ အန္တရာယ်ကင်း
ဘေးကင်းလုံခြုံစိတ်ချစွာ ဆွဲချနိုင်ပြီး ရပ်နားနိုင်ပါလိမ့်မည်။




(ဃ)မြူနှင်းများဆိုင်းနေစဉ်မောင်းနှင်ခြင်း(Driving in the Fog)



       အကောင်းဆုံးအကြံပေးရမည်ဆိုပါက မြူနှင်းများဆိုင်းနေစဉ် လုံးဝမမောင်းပါနဲ့။မြူများသန့်စင်ကြည်လင်
သွားသည်အထိ သင်၏ခရီးစဉ်ကို ရွှေ့ဆိုင်းထားသင့်ပေ၏။မည်သို့ပင်ဆိုစေ မဖြစ်မနေ မောင်းရမည်ဆိုပါက
ဖြေးဖြေးမှန်မှန်မောင်းပါ။ရေသုတ်ကိရိယာ(Windshield wipers)ဖွင့်ပါ။ရှေ့အနိမ့်မီး(Low beam headlights)
ကိုအသုံးပြုပါ။ရှေ့အမြင့်မီး(High beam headlights)သည် အလင်းရောင် ရောင်ပြန်ဟတ်ပြီး မျက်စိအမြင်
စူးရှစေတတ်သောကြောင့် အသုံးမပြုသင့်ပေ။ပါကင်မီး(သို့)နှင်းခွဲမီးမျှသာဖြင့် မြူဆိုင်းနေစဉ် မည်သည့်အခါမျှ
အသုံးပြုပြီးမမောင်းပါနဲ့။(Never drive with just parking lights or fog lights.)


       မိမိရှေ့တူရူမြင်ကွင်းကို မြင်နိုင်သမျှမြင်အောင်ကြည့်ပါ။ယာဉ်ကြောတစ်ခုမှအခြားတစ်ခုသို့ဖြတ်မောင်း
ခြင်း၊ကျော်ခွမောင်းခြင်းမှ ရှောင်ကြဉ်ပါ။ရှေ့မြင်ကွင်းကို ကောင်းစွာ သဲကွဲစွာမမြင်ရလျှင် ယာဉ်များ၏အင်ဂျင်
စက်သံကို နားစွင့်ပါ။မြူများသိပ်သည်းထူထပ်စွာကျနေ၍ လမ်းကိုကောင်းစွာမမြင်ရတော့ပါက လမ်းဘေးသို့
ဆွဲချကာ အရေးပေါ်မီးခေါ် မြန်မာယာဉ်မောင်းများအသိများသည့် ဇုံမီး(Emergency Signal Lights)ကို ဖွင့်
ထားပြီး ရာသီဥတုအခြေအနေကောင်းသည်အထိ စောင့်နေပါဟုပြောလိုပါသည်။


(င)မှောင်မဲနေစဉ်မောင်းနှင်ခြင်း(Driving in the Darkness)



      ညအခါတွင် ရှေ့မြင်ကွင်းအတော်ဝေးဝေးအထိကောင်းစွာမမြင်ရတတ်ပါ၍ ယာဉ်အန္တရာယ်မှရှောင်ရှားရန်
ရပ်ဖို့အတွက် အချိန်အနည်းသည်သာရတတ်သောကြောင့်ဖြေးဖြေးမောင်းပါ။သို့မို့ကြောင့် မီးရောင်ကျရောက်ရာ
နယ်ပယ်တစ်ဆုံးအကွာအဝေးအတွင်းအချိန်မရွေးရပ်တန့်နိုင်ရန် သေချာအောင်လုပ်ပါ။


    ညပိုင်း မိုးရွာနေစဉ် ရှေ့အနိမ့်မီး(Low beam headlights)ကို အသုံးပြု၍မောင်းနှင်ပါ။ပါကင်မီး(သို့)နှင်းခွဲ
မီး(parking lights or fog lights)ကို အသုံးမပြုပါနဲ့။




  တောတောင်ထူထပ်သောတောလမ်းများတွင် ရှေ့အမြင့်မီး(High beam headlights)ကို အသုံးပြုနိုင်ပါသည်။
အကယ်၍ အမြင့်မီးကိုအသုံးပြုလျှင် အခြားယာဉ်မောင်းများအား မျက်စိအမြင်ဝေဝါးအောင် မပြုမိပါစေနဲ့။
လိုအပ်လျှင် သင်၏မီးများကိုခေတ္တပိတ်ပေးလိုက်ပါ။အကယ်၍အခြားယာဉ်မောင်းများက သူတို့၏မီးများကို
ခေတ္တခဏမျှတောင်မှ ပိတ်ပေးခြင်းမပြုလျှင်ကား ရှေ့တူရူမှလာသောမီးအလင်းရောင်အား တိုက်ရိုက်မကြည့်
ပါနဲ့။သင်၏လက်ယာဘက်ယာဉ်ကြောအစွန်သို့ကြည့်ပါ။ရှေ့တူရူမှလာသောယာဉ်(Oncoming Vehicles)သည်
သင်၏မျက်စိထောင့်မြင်ကွင်းမှ လွတ်ကွင်းကျော်ထွက်သွားသည်အထိ စောင့်ကြည့်ပါ။ထူသူတို့နှင့်ယှဉ်ပြိုင်ပြီး
မီးရောင်မထိုးမိပါစေနဲ့။ယင်းသို့ပြုမူလျှင် နှစ်ဦးလုံး မျက်စိအမြင်ဝေဝါးသွားစေလိမ့်မည်ကို သတိပြုပါ။
               ညဘက်ယာဉ်မောင်းမည်ဆိုလျှင် လမ်းသွားလမ်းလာများ(Pedestrains)နှင့်စက်ဘီးစီးနင်းသူများ
(Bicyclists)မြင်တွေ့ရဖို့ခဲယဉ်းသည်ကို အမှတ်ရပါ။အမြဲမပြတ်နိုးကြားမှုရှိနေပါစေ။မော်တော်ဆိုင်ကယ်များ
(Motor cycles)လည်းမြင်တွေ့ဖို့ခဲယဉ်းတတ်၏။အဘယ်ကြောင့်နည်းဟူမူကား မော်တော်ဆိုင်ကယ်များတွင်
နောက်မီးတစ်လုံးတည်း(Only one tail light)သာလျှင်ရှိသောကြောင့်ဖြစ်၏။


         အဝေးပြေးလမ်းများတွင် လမ်းလုပ်သားများ ညပိုင်းအလုပ်လုပ်တတ်သောကြောင့် လမ်းပြုပြင်နေသည့်
နေရာ(Highway construction zones)များတွင် သင်၏အရှိန်ကိုလျှော့ချမောင်းနှင်ပါ။သို့မဟုတ်လမ်းပြင်သည့်
နေရာတွင် သတ်မှတ်ပေးထားသောအမြန်နှုန်းထားအတိုင်းမောင်းနှင်ပါ။



         ရှေ့တူရူမှ တစ်ဖက်ကန်းမီး(with one sided headlight)ဖြင့်မောင်းနှင်လာသောယာဉ်(သို့)မီးမဖွင့်ပဲ
(with a missing headlight)မောင်းလာသောယာဉ်(သို့)စက်ဘီးစီးနင်းသူ(သို့)မော်တော်ဆိုင်ကယ်စီးနင်းလာ
သူ တွေ့လျှင် မိမိ၏လက်ယာဘက်ယာဉ်ကြောအစပ်မှ မောင်းနှင်သင့်ပေ၏။


(စ)မိုးရွာနေစဉ် သို့မဟုတ် ဆီးနှင်းကျနေစဉ်မောင်းနှင်ခြင်း(Driving in Rain or Snow)

       များစွာသော လမ်းဘေးစင်္ကြံများသည် ဖုန်မှုန့်များ၊ဆီများအား ဆေးကြောသန့်စင်သွားခြင်းမရှိသေးသော
ကြောင့် အဦးအစ မိုးရွာချသည့်အခါ(သို့)နှင်းကျသည့်အခါများတွင် အလွန်ချောစေလိမ့်မည်ကို သတိပြုပါ။
ထို့ကြောင့် မိုးဖွဲဖွဲစ၍ရွာခြင်း (သို့) နှင်းဖွဲများ စ၍ကျလာစဉ်တွင် လမ်းချော်ထွက်မသွားစေရန် အရှိန်ကိုလျှော့ချ
မောင်းနှင်ပါ။ ရှေ့အနိမ့်မီး(Low beam headlights)နှင့်အတူ ရေသုတ်ကိရိယာများ(windshield wipers)၊နှင်းခွဲ
ကိရိယာများ(Defroster) ကိုဖွင့်၍မောင်းနှင်ပါ။





        အလွန်အားပြင်းသည့် မိုးသက်မုန်တိုင်း၊နှင်းမုန်တိုင်းများကျရောက်ပါက သင့်ယာဉ်၏ရှေ့ ပေ၁၀၀ထက်
ကျော်လွန်ကာမြင်နိုင်စွမ်းရှိလိမ့်မည်မဟုတ်ပါ။ဤအခြေအနေတွင် သင်သည် အမြန်နှုန်းမိုင်၃၀(၄၈ကီလိုမီတာ)
အထက်ကျော်မောင်းလျှင် ဘေးကင်းလုံခြုံစိတ်ချရမှုမရှိနိုင်သည်ကိုလည်း သတိပြုစေလိုပါသည်။

(ဆ)တောင်ဆင်းတောင်တက်နှင့် အကွေ့အကောက်များသောလမ်းများတွင်မောင်းနှင်ခြင်း
      (Driving in Hill country or Curves)





      သင်သည် အလွန်မတ်စောက်သောတောင်များနှင့် အလွန်ကွေ့ဝိုက်သောနေရာများ၏ အခြားတစ်ဖက်၌
မည်သို့ဖြစ်ပျက်နေသည်ကို သိမြင်နိုင်စွမ်းရှိမည်မဟုတ်ပါ။ဤကဲ့သို့သောနေရာများတွင် မောင်းနှင်သွားရမည်
ဆိုပါက အချိန်မရွေးအန္တရာယ်ကိုကာကွယ်ရန်အလို့ငှာ ရပ်တန့်နိုင်ရန် အရှိန်လျှော့ချ(Slow down)မောင်းနှင်ပါ။
အချိန်တိုင်းလိုလို သင်၏ရှေ့မြင်ကွင်းအား တောင်များ၊အကွေ့အဝိုက်များက ပိတ်ကွယ်နေတတ်သဖြင့် အခြား
တစ်ဘက်တွင် အခြားသော ယာဉ်များရှိနေတတ်သည်ဟုမှတ်ယူပါလေ။တောင်ကုန်း(သို့)ကွေ့ကြောသည်
အနည်းဆုံး တစ်မိုင်၏သုံးပုံတစ်ပုံရှိမှာသာလျှင်အခြားယာဉ်အားကျော်တက်ခြင်းပြုသင့်ပေ၏။အဘယ်ကြောင့်
နည်းဟူမူကား အန္တရာယ်ကင်းလုံခြုံစိတ်ချစွာကျော်တက်နိုင်ရန်အလို့ငှာ နေရာလွတ်များနိုင်သမျှများများ ရရှိရန်
လိုအပ်သောကြောင့်ဖြစ်ပေ၏။






     အန္တရာယ်ကင်းလုံခြုံစိတ်ချစွာကျော်တက်နိုင်ရန်အလို့ငှာ မိမိ၏ရှေ့တူရူသို့ လုံလောက်သော အကွာအဝေး   
အထိမြင်နိုင်စွမ်းအားနည်းသဖြင့် တောင်ကုန်းများနှင့်ကွေ့ကြောများတွင် လမ်း၏ဘယ်ဘက်ကပ်ပြီး မမောင်း
နှင်ပါနဲ့ဟု အထူးပြောလိုပါသည်။






၇။ပြူတင်းပေါက်များ၊ကြည့်မှန်များကိုသန့်ရှင်းရေးလုပ်ပါ။(Clean Windows and Mirrors)
     ရှေ့လေကာမှန်၊ဘေးပြူတင်းမှန်များအားအတွင်းအပြင်သန့်ရှင်းအောင်ပြုလုပ်ပါ။ညစ်ပတ်နေသောပြူတင်း
မှန်အား အလင်းရောင်တောက်သောနေရာင်ခြည်(သို့)မီးအလင်းရောင်သည် အပြင်ဘက်သို့မြင်နိုင်စွန်းကို
ခက်ခဲစေလိမ့်မည်။သို့မို့ကြောင့်ယာဉ်မမောင်းနှင်မီ ဆီးနှင်း၊ရေမှုန်များကို ကောင်းစွာသန့်ရှင်းပါ။မိုးရွာစဉ်၊ဆီးနှင်း
ကျနေစဉ်တို့တွင် ရေသုတ်ကိရိယာများ၊နှင်းခွဲကိရိယာများကို အဖွင့်အပိတ်လုပ်ခြင်းအားဖြင့် ရှေ့လေကာမှန်၊
ရှေ့မီး၊နောက်မီးများကို သန့်ရှင်းကြည်လင်အောင်ပြုလုပ်ပေးပြီး မြင်ကွင်းကို ပြတ်သားစွာမြင်အောင်ပြုလုပ်ပါ။
၈။ထိုင်ခုံနှင့်ကြည့်မှန်များကို ချိန်ညှိပါ။(Adject Seat and Mirrors)


        ထိုင်ခုံခါးပတ်မပတ်မီ ထိုင်ခုံအနေအထားကို ပြုပြင်ပြီးထိုင်ပါ။လမ်းကို ကောင်းစွာမြင်နိုင်စွမ်းရှိအောင်
လုံလောက်သောအနေအထားခပ်မြင့်မြင့်ထိုင်သင့်ပေ၏။အကယ်၍ကောင်းစွာမမြင်ရပါက ထိုင်ခုံကျောမှီကိုချ၍
အသုံးပြုနိုင်ပါသည်။







       ယာဉ်မမောင်းနှင်မီ နောက်ကြည့်မှန်နှင့် ဘေးကြည့်မှန်များအားလုံးကို ချိန်ညှိပါ။သင်၏ယာဉ်တွင် နေ့/ည
ကြည့်မှန်များရှိလျှင် မည်သို့ကိုင်တွယ်အသုံးပြုရမည်ကို လေ့လာထားပါ။ညကြည့်မှန်သည် ညအချိန်တွင် သင်
၏နောက်ဘက်ရှိယာဉ်မှ လာသောမီးရောင်၏စူရှမှုကို လျှော့ချပေးသဖြင့်သင့်အားများစွာအကူအညီရစေပါမည်။
       ဤစာစုကို ကျွန်ုပ်သည် အမေရိကန်ပြည်ထောင်စု၌ ခေတ္တခဏ နေထိုင်စဉ်အခိုက်အတန့်တွင် မိမိကိုယ်
တိုင်ယာဉ်မောင်းနိုင်ရန်အလို့ငှာ ယာဉ်မောင်းလိုင်စင်ရရှိဖို့ Driving Test ဖြေဆိုသည့်အခါ ယာဉ်စည်းကမ်း
လမ်းစည်းကမ်းများနှင့် လမ်းများအသုံးပြုပုံ အယာဉ်အဝင်အထွက်တို့ကို လေ့လာမှတ်သားမိသမျှ စုစည်းကာ
ရေးသားပြီး ပြန်လည်မျှဝေလိုက်ပါ၏။ဤစာစုရေးသားရခြင်း၏ရည်ရွယ်ချက်ကား ယခုအခါ ကျွန်ုပ်တို့ မြန်မာ
နိုင်ငံတွင် ခေတ်မီဖွံ့ဖြိုးတက်တက်လာသည့်နှင့်အမျှ ယာဉ်များလမ်းများဖွံ့ဖြိုးတိုးတက်မှုသည်လည်း တစ်နှစ်
ထက်တစ်နှစ် ရှုပ်ထွေးများပြားလာမည်ဖြစ်ရာ တစ်ဦးခြင်းစီ၏ ယာဉ်စည်းကမ်းလမ်းလမ်းစည်းကမ်းပြည့်ဝစွာ
နားလည်ထားပါမှ ဖြစ်မည်ကို သိရှိစေလိုသောစေတနာမှန်ဖြင့်ရေးသားရခြင်းဖြစ်ပါ၏။သို့မို့ကြောင့်ယာဉ်မောင်း
သင်မည့်သူများ အထောက်အကူရ၍ စည်းကမ်းပြည့်ဝသော ယာဉ်မောင်းသူများဖြစ်ကြပါစေကြောင်း ဤစာစု
ဖြင့် ဆုမွန်ကောင်းတောင်းကာဆန္ဒပြုလိုက်ပါ၏။






DR. Thein Hlaing






          B.D.S.(YGN),F.I.C.D(U.S.A)





          thein.hlaing1970@gmail.com





      www.drtheinhlaingtaze.blogspot.com