ယာဉ်မတော်တဆဖြစ်ပွားရသည့်အကြောင်းရင်းများ
ယာဉ်မတော်တဆဖြစ်ပွားရတဲ့အကြောင်းကတော့ များစွာရှိပါတယ်။ယာဉ်မတော်တဆဘာကြောင့်ဖြစ်
ရသလဲဆိုရင် အဓိက ပြဿနာက လမ်းအရည်အသွေးမမှီခြင်း၊လမ်းကြောအခြေအနေကြိုတင်မသိရှိ ခြင်း၊ယာဉ်မောင်းများစည်းကမ်းမလိုက်နာခြင်း
စသည်တို့ကြောင့်ဖြစ်ရတာများပါတယ်။
မြန်မာပြည်ရှိ အဝေးပြေးလမ်းမှန်သမျှသည် လမ်းအရည်အသွေးမမှီသည့်အပြင်
ကားတစ်စီးသာသာ သွားလာလို့ရသည့် အနေအထားရှိတာများပါတယ်။ယာဉ်စည်းကမ်းမှာ ကားတစ်စီးနဲ့တစ်စီးရှောင်ကွင်း
လျှင် ဘေးတိုက်ကြားအကွာအဝေးသည် ၅ပေအနည်းဆုံးရှိရမယ်လို့ဆိုသော်ငြားလည်း လက်တွေ့ အဝေးပြေးလမ်းအများစုဟာ
ကားတစ်စီးနဲ့တစ်စီးရှောင်ကွင်းလျှင် တစ်စီးစီရဲ့လက်ယာဘက်ဘီးတွေ ကို လမ်းအောက်ချပြီး
ရှောင်ကွင်းကြရာ ၆လက်မလောက်သာကပ်ခွာရှောင်ကွင်းကြရသဖြင့် တစ်ကြိမ် မဟုတ်တစ်ကြိမ်ကြိမ်တွင်
မတော်တဆဖြစ်ကြရလေ၏။ယင်းသို့သောနှစ်လမ်းမောင်း အဝေးပြေးလမ်း များအတွက် ယာဉ်မောင်းသူများယာဉ်အန္တရာယ်ကင်းကင်းရှင်းရှင်းမောင်းနှင်နိုင်ရန်
ကားနှစ်စီး၅ပေ အကွာရှောင်ကွင်းမောင်းနှင်နိုင်ဖို့ရာ ကျယ်ပြန့်ကောင်းမွန်ရမည့်အပြင်
လမ်းပုခုံးသားလည်းကျယ်ပြန့် ကောင်းမွန်ဖို့လိုပါတယ်။မြို့တွင်းလမ်းအတွက် လမ်းပခုံးသား
ကျယ်ပြန့်ကောင်းမွန်ဖို့ သိပ်မလိုအပ် သော်လည်း အဝေးပြေးလမ်းများမှာတော့ အထူးပဲလိုအပ်ပါတယ်။တစ်ချို့က
လမ်းပခုံးသား ဆိုတာ ယာဉ်မောင်းနှင်ရန်မဟုတ်သည့်အတွက် မလိုအပ်ဘူးလို့ပြောကြပေလိမ့်မယ်။အမှန်တကယ်အားဖြင့်
လမ်းပုခုံးသား ကောင်းလျှင် အသွားအပြန်ကားနှစ်စီးရှောင်ကွင်းလျှင်လည်းကောင်း၊ရှေ့မှကားကို
နောက်မှကားက မိမိမြင်ကွင်း ပိတ်ကွယ်နေလို့ ကျော်တက်လျှင်လည်းကောင်း ဘေးရန်ကင်းစေပါ
လိမ့်မယ်။လမ်းပုခုံးသားကျယ်ပြန့်ကောင်းမွန်ပါက ကားတစ်ခုခုဖြစ်လို့ ရပ်ပါက ယာဉ်သွားလမ်းကြောင်း
ကို အနှောင့်အယှက်မဖြစ်စေဘဲ လမ်းပုခုံးသားပေါ်မှာ ဆွဲချရပ်တန့်လို့ ရစေမှာဖြစ်ပါတယ်။ဒါကြောင့်
လမ်းပခုံးသားဟာ ယာဉ်မောင်းသူ ဝင်ရောက်မောင်းနှင် ရမည့်ယာဉ်ကြောမဟုတ်သော်လည်း ယာဉ် သွားလမ်းကြောင်းပေါ်မှာ
ဘေးရန်ကင်းရှင်းစွာမောင်းလို့ရအောင် များစွာအထောက်အကူပြုပါတယ်။ အဝေးပြေးလမ်းမများပေါ်တွင်
ယာဉ်မတော်တဆ ဖြစ်ပွားရသည့်အကြောင်းအရင်းတွင် လမ်းအရည် အသွေးမပြည့်မှီခြင်း၊လိုအပ်သည့်အတိုင်းအတာအထိ
လမ်းပုခုံးသား မကောင်းမွန်ခြင်းကြောင့် အများ ဆုံးဖြစ်ပွားရခြင်းဖြစ်ပါတယ်။
မြန်မာပြည်ရှိလမ်းမှန်သမျှသည် လမ်းခံနိုင်ရည်နှင့်
အများဆုံးမောင်းနှင်နိုင်မည့် အရှိန်အမြန်နှုန်း သတ်မှတ်ချက်မရှိသည့် (Open Type) အနေအထားသာလျင်ဖြစ်သောကြောင့်
လမ်းကြောင်းအခြေ အနေကြိုတင်မသိပဲ အရှိန်တင်မောင်းနှင်မှုကြောင့် ယာဉ် မတော်တဆဖြစ်ရတာများပါတယ်။
သို့မို့ ကြောင့် မည်သည့်လမ်းမည်သည့်နေရာတွင် အမြန်နှုန်းသတ်မှတ်ချက် မည်မျှဖြင့်သာ
မောင်းနှင်သင့် ကြောင်းသိရှိစေရန် အမြန်နှုန်းသတ်မှတ်ပေးထားသင့်ပါတယ်။လမ်းကြောင်းအခြေအနေ
သိရှိစေရန် လမ်းညွှန်များ ကောင်းစွာပြုလုပ်ပေးထားပါက ယာဉ်မောင်းသူများ ယာဉ်မတော်တဆဖြစ်ခြင်းမှ
ကင်းစေမှာဖြစ်ပါတယ်။အဝေးပြေးလမ်းများကို အမြန်နှုန်းသတ်မှတ်ချက်မရှိခြင်းနှင့် လမ်းကြောင်း
အခြေအနေကို ဖော်ပြချက်မပြည့်စုံခြင်းတို့ကြောင့် အရှိန်လွန်မောင်းနှင်ကြ သောကြောင့်
မတော်တဆ ဖြစ်ရသည်ကို သတိပြုစေလိုပါတယ်။အနီးအဝေးသွားလမ်း၊မြို့တွင်းသွားလမ်းပါမကျန်
အဝေးပြေး လမ်းများအားလုံး လမ်းခံနိုင်ရည်အမှတ်အသား၊လမ်းကြောအခြေအနေပြအမှတ်အသား၊ အမိန့်ညွှန်
ကြားချက်များ၊သတိပေး တားမြစ်ချက်များ၊လမ်းကြောင်းနဲ့ကိုက်ညီသည့် အမြန်နှုန်းသတ်မှတ်ချက်
များကို ကောင်းစွာဖော်ပြထားပါလျှင် ယာဉ်မတော်တဆ ဘေးမှ ကင်းဝေးစေပါလိမ့်မယ်။
ရန်ကုန်-မန္တလေး အမြန်လမ်းမှတစ်ပါး အဝေးပြေးလမ်းမှန်သမျှ
အမြန်နှုန်းသတ်မှတ်ချက်မရှိသည့် (Open
Type) အနေအထား သာလျင်ဖြစ်ရာ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းတွင် မြို့၏နယ် နိမိတ်ပြင်ပ အဝေးပြေးလမ်းများတွင်
ကီလိုမီတာ၈၀(၅၀မိုင်နှုန်း) ထက်ပိုမမောင်းရ ဆိုထားသော်လည်း ယာဉ်မောင်းသူများစည်းကမ်းမလိုက်နာမှုကြောင့်
မတော်တဆထိခိုက်မှုများရသည်မှာ အများဆုံး ဖြစ်ပါတယ်။အမြန်လမ်းကို ကီလိုမီတာ၁၀၀(၆၀မိုင်နှုန်း)သတ်မှတ်ပေးထားသော်လည်း
လိုက်နာမှု မရှိသည်သာများ တာကိုလည်း တွေ့ရပါသလို အခြားလမ်းများကိုလည်း ၆၀မိုင်နှုန်း(ကီလိုမီတာ၁၀၀)
အထက်မောင်းနှင်ကြသည်ကို တွေ့ရပေရာ ယာဉ်မောင်းသူ များ စည်းကမ်းမလိုက်နာခြင်းကလည်း မတော်တဆဖြစ်ရခြင်း၏
အဓိကဇာတ်ဆောင်သာလျှင်ဖြစ်ချေ၏။ရှေးက ယာဉ်အသွားအလာနည်း ပါးခြင်း၊ယာဉ်ကားအသုံးပြုမှုနည်းပါးခြင်းကြောင့်
လမ်းမကောင်းသော်လည်း ယာဉ်မောင်းများ စည်းကမ်း လိုက်နာကြာသဖြင့် ယာဉ်မတော်တဆမှုနည်းပါပေမယ့်
ယခုသော်ကား ယာဉ်ကား အသုံးပြုမှုများပြားလာသလို ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာမှုနည်းပါးခြင်းကြောင့်
အနယ် နယ်အရပ်ရပ်တွင် နေ့စဉ်နဲ့အမျှ ယာဉ်မတော်တဆမှု မြင့်တက်များပြား နေတာကို တွေ့နေရပါတယ်။
လမ်းမကောင်းခြင်းကြောင့် အကျင့်များသည် စွဲနေကာ ကားပျက်၍ ကားရပ်လျှင် စည်းကမ်းမဲ့စွာ
ယာဉ်ကို ယာဉ်သွားလမ်းကြောင်းပေါ်ထက်ဝက် လမ်းဘေးထက်ဝက်ရပ်ကြသဖြင်း လမ်းကြောင်း ပေါ်အရှိန်နဲ့လာသည့်ယာဉ်သည်
ရုတ်တရက် တွေ့ကာ မတော်တဆမှုအများဆုံးဖြစ်ကြရတတ် တာတွေ့နေရပါတယ်။ယာဉ်ကား ကျော်တက်လျှင်လည်း
မလွတ် မကင်း ကျော်တက်ကြသဖြင့် မျက်နှာချင်းဆိုင်မှလာသောယာဉ်နဲ့ ထိပ်တိုက်တွေ့ကာ မတော်တဆဖြစ်ကြရပါတယ်။ဒါကြောင့်
မည်သည့်လမ်းမဆို ယာဉ်မောင်းသူသည် အမြန်နှုန်းများကို အလိုအလျှောက်သိကာ ယာဉ် စည်းကမ်း/လမ်းစည်းကမ်းကို
အပြည့်အဝလိုက်နာပြီး မောင်းနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။
ယာဉ်မတော်တဆဖြစ်မှုကို ကာကွယ်ရန်အလို့ငှာ အောက်ပါအချက်များကို လိုက်နာ၍ မောင်းပါ။
ယာဉ်မောင်းသူအလိုအလျှောက်သိရမည့် အမြန်နှုန်း(Speed Limit)သတ်မှတ်ချက်
၁။လူနေရပ်ကွက်အတွင်း အမြန်နှုန်းသတ်မှတ်စိုက်ထူထားခြင်းမရှိလျှင်(Unposted
Speed Limit) ၂၅မိုင်နှုန်း(ကီလိုမီတာ ၄၀ခန့်) ဖြင့်မောင်းနှင်ပါ။Speed Limit သတ်မှတ်ထားလျှင်
သတ်မှတ်ထား သည့်အရှိန်ထက်ပိုမမောင်းရပါ။
၂။လူနေထူထပ်သည့်နေရာ အသွားအလာများသည့်နေရာများ၊လူနေရပ်ကွက် လမ်းသွယ်များသည့်
နေရာများ၊ရုံးများ၊စတိုးဆိုင် များတွင် ၁၅မိုင်နှုန်း(၂၅ကီလိုမီတာခန့်)ဖြင့်မောင်းနှင်ပါ။
၃။စာသင်ကျောင်းများရှေ့တွင် Speed Limit သတ်မှတ်ထားလျှင် သတ်မှတ်အရှိန်နှုန်းအတိုင်းမောင်း နှင်ရပြီး သတ်မှတ်မထား
ပါက ၂၅မိုင်နှုန်း(ကီလိုမီတာ ၄၀ခန့်)ဖြင့် မောင်းနှင်ပါ။
၎။လမ်းလုပ်ငန်းခွင်(Construction Site) တွင် Speed Limit သတ်မှတ်ထားပါက သတ်မှတ်အရှိန်နှုန်း
အတိုင်းမောင်းနှင်ရပြီး သတ်မှတ်မထားလျှင် ၂၅မိုင်နှုန်း(ကီလိုမီတာ၄၀ခန့်)ဖြင့်မောင်းနှင်ကာ
ရပ်မ ကြည့်ရ။အကယ်၍ ရပ်ကြည့်လိုပါက လမ်းကြောင်း ပေါ်မှ ဆင်း၍ ခေတ္တခဏရပ်ကြည့်နိုင်သော်လည်း
မရပ်ဆိုင်းခြင်းကအကောင်းဆုံးဖြစ်၏။
၅။အဝေးပြေးလမ်းနှင့် အမြန်လမ်းတွင် သတ်မှတ်ထားသောအမြန်နှုန်းအတိုင်းမောင်းနှင်ရမည်။အကယ်၍
အဝေးပြေးလမ်းများ တွင် မြန်နှုန်း သတ်မှတ်စိုက်ထူထားခြင်းမရှိပါက တစ်နာရီ ၄၀မိုင်နှုန်း(၆၅ကီလိုမီတာခန့်)မှ
၅၀မိုင်နှုန်း(၈၀ကီလိုမီ တာ)ထက် မပိုသော အမြန်နှုန်းဖြင့် မောင်းနှင်သင့်ပေ၏။
၆။တောင်တက်တောင်ဆင်း မြင်ကွင်းကွယ်သည့်လမ်းများတွင် ၂၅မိုင်နှုန်း(၄၀ကီလိုမီတာခန့်)ထက်
မပိုသော အရှန်ဖြင့် မောင်းနှင် သင့်ပေ၏။
၇။ကွေ့ကြောတွင် ကွေ့ကြောမဝင်မီ ဘရိတ်ခ်ဖမ်းပြီး သွားနေသည့်အရှိန်မှ ၅မိုင်မှ၁၀မိုင်ခန့်(
၁၀ ကီလိုမီတာမှ ၁၅ကီလိုမီတာခန့်) အထိလျှော့ချကာ ကွေ့နေစဉ်ဘရိတ်ခ်မသုံးပဲမောင်းနှင်ကာ
ကွေ့ပြီး လျှင် အရှိန်တင်မောင်းနှင်သင့်ပေ၏။
၈။တစ်ဆစ်ချိုးကွေ့(၉၀ဒီဂရီ=ထောင့်မှန်)တွင် ၁၀မိုင်နှုန်း(၁၅ကီလိုမီတာမှ၂၀ကီလိုမီတာ)
ထက်မပိုသော)ဖြင့် ကွေ့လျှင် စိတ်ချရ၏။
၉။ဂငယ်ကွေ့(U-Turn) ကွေ့လျင် အနည်းဆုံးအရှိန်၅မိုင်နှုန်း(၈ကီလိုမီတာ)ဖြင့် ကွေ့လျှင်
စိတ်ချရ၏။
(၅မိုင်သည် ဂကီလိုမီတာနဲ့ညီမျှ၏။)
ကားကျော်မည်ဆိုပါလျှင်
အသွားယာဉ်ကြောနဲ့အပြန်ယာဉ်ကြောတစ်ခုစီသာရှိလျှင်လည်းကောင်း၊ယာဉ်တစ်စီးသာလျှင်သွားလို့ရသော အသွားအပြန် နှစ်လမ်းမောင်းတွင်လည်းကောင်း မိမိရှေ့မှကားကြောင့် မိမိမြင်ကွင်းကွယ် နေလျှင် ကားကျော်တက်သည်ဟု သုံးပါ။ကားကျော်တက်လျှင် အလွန်ပဲ အန္တရာယ်များတယ်ဆိုတာ သိထားပါ။ဒါ့အပြင် တစ်ဘက်ယာဉ်ကြောမှ လမ်းပြောင်းပြန်ကျော်တက်ရသည်ဟု အမြဲမှတ်ပါ။ ဒါကြောင့် ကားကျော်ပါက သတိကြီးစွာထားရပါမယ်။ကားကျော်တက်မည်ဆိုပါက
၁။ မိမိရှေ့မှယာဉ်က မိမိထက်နှေးစွာသွားနေမှသာကျော်တက်ပါ။ သတ်မှတ်အမြန်နှုန်းအတိုင်း သွားနေပါက ကျော်တက်ဖို့ လုံးဝ မစဉ်းစားပါနဲ့။
၂။ကားကျော်တက်လျင် ရှေ့တူရူမှ လာသည့်ယာဉ်ရှင်းမရှင်း အဓိက ကြည့်ရပါမယ်။ရှေ့တူရူမှ လာသည့်ယာဉ်မရှင်းလျင် ကျော်တက်ဖို့လုံးဝ မစဉ်းစားပါနဲ့။
၃။ရှေ့တူရူမှလာသည့်ယာဉ် ရှင်းလျင် မိမိကျော်တက်လိုကြောင်း မီးတောက်အချက်ပေးပါ။
၎။ကျော်ပြီးလျင် ကျော်တက်ခဲ့တဲ့ယာဉ်ရှေ့မှ ချက်ချင်းဖြတ်မဝင်ပါနဲ့။အနည်းဆုံး ၄စက္ကန့်မျှခွာပြီး လွတ်ကင်းမှ မီးအချက်ပြကာ ပြန်ဝင်ပါ။

ကား၊ဆိုင်ကယ် ကျော်တက်ရတာ
အမှန်အားဖြင့် အလွန်အန္တရာယ်များလှပါတယ်။မြို့တွင်းလမ်းတွေမှာ မသိသာပေမယ့် အဝေးပြေး
အမြန်လမ်းတွေမှာ ကားကျော်တက်မယ်ဆို အလွန်တရာ သတိထား ရပါမယ်။အသွားယာဉ်ကြော နှစ်ကြောနှင့်အထက်ရှိမယ်ဆို
ကားကျော်တက်တယ်လို့ မသုံးနှုန်းပဲ ယာဉ်ကြောပြောင်းခြင်း Lane Change လို့ခေါ်ပါ။ အသွားယာဉ်ကြောတစ်ကြော
အပြန်ယာဉ်ကြော တစ်ကြောသာရှိသည့်အဝေးပြေးလမ်းများနှင့်အသွားအပြန်နှစ်လမ်းမောင်း အဝေးပြေးလမ်းများမှာ ကား၊ဆိုင်ကယ်ကျော်လျင် တစ်ဘက်ယာဉ်ကြောမှ
လမ်းပြောင်းပြန်ကျော်တက်ရသည်ကို အမြဲမှတ် ယူပါ။ယင်းကဲ့သို့လမ်းများတွင် ကျော်တက်မယ်ဆို
မိမိရှေ့မှယာဉ်သည် မိမိထက်အသွားနှေးမှ မိမိ မြင်ကွင်းကွယ်နေမှသာ ကျော်တက်လို့ ရပါလိမ့်မယ်။အမြန်နှုန်းကလည်း
၅၀/၅၅မိုင်နှုန်း ကီလိုမီတာ အားဖြင့် ၈၀/၉၀ကီလိုမီတာ အထက်ပိုမောင်းလျင် အလွန်အန္တရာယ်များပါတယ်။အကယ်၍
မိမိရှေ့မှ ကားသည် ယခုအရှိန်နှုန်းဖြင့်သွားနေပါက ကျော်တက်ဖို့ မစဉ်းစားပါနဲ့။ဒါကြောင့်
နေရာလွတ်နှင့် အရှိန်ဟာ ကား သို့မဟုတ် ဆိုင်ကယ် သို့မဟုတ် စက်ဘီး ကျော်တက်ခြင်း(Space
and Speed to Pass other Traffic) မှာ အလွန်အရေးပါလှပါတယ်။
တစ်ခုခုကျော်တက်မယ်ဆို မကျော်တက်မီ အမြဲတမ်း အချက်ပြဖို့ မမေ့ပါနဲ့။ကျော်တက်ဖို့ဆိုပြီး မိမိယာဉ်ကြောအတွင်း ပြန်ဆွဲသွင်းနိုင်ရန်အလို့ငှာ လုံလောက်တဲ့ နေရာလွတ် မရှိပဲ ယာဉ်ကိုဆွဲ မထုတ်ပါနဲ့။အလွန်အန္တရာယ်များတဲ့ ယာဉ်ကြောနှစ်ကြောသွားလမ်းပေါ်မှာ စက်ဘီးတွေ ဆိုင်ကယ် တွေရှိနေမယ်ဆို အခြားယာဉ်တွေကို ကျော်တက်ခြင်းမှ ရှောင်ပါလေ။အမြဲတမ်းမိမိ ကျော်တက်သည့် အချိန်တိုင်းမှာ ယာဉ်တိုက်ခိုက်မှုမြင့်တက်နေတတ်သည်ကို သတိပြုပါ။ဘာအကြောင်းကြောင့်ဖြစ်စေ စက်ဘီးစီးသူကိုကျော်တက်မယ်ဆို စိတ်ရှည်သည်းခံပါ။အရှိန်လျှော့ပြီး အန္တရာယ်ကင်းဘေးရှင်း စိတ်ချရသည့်အခြေအနေရှိပါမှ စက်ဘီးစီးသူနဲ့မိမိအကြား အနည်းဆုံး ၃ပေမျှခွာပြီး သူ့ကို ကျော်တက် ပါ။စိတ်ချရသည့်အခြေအနေမရှိပါက စိတ်ဘီးစီးသူကို လုံးဝမကျော်တက်သင့်သလို စက်ဘီးလမ်းကို လည်း မကျုံ့မိပါစေနဲ့။
အဝေးပြေးလမ်းတွေမှာ အရှိန်၅၀/၅၅မိုင်နှုန်း ကီလိုမီတာအားဖြင့် ၈၀/၉၀ကီလိုမီတာခန့်ဖြင့်သွားနေစဉ် အန္တရာယ်ကင်းစွာ ကားကျော်တက်မယ်ဆို မျက်နှာချင်းဆိုင်ကလာသည့်ယာဉ်နှင့် မိမိသည် ၁၀/၁၂ စက္ကန့်မျှအချိန်လိုအပ်ပါတယ်။၅၅မိုင်နှုန်း(၉၀ကီလိုမီတာခန့်)သွားနေစဉ် အန္တရာယ်ကင်းကင်း ကျော် တက်ဖို့ရာ ၁၀/၁၂စက္ကန့်အတွင်း ယာဉ်သည် ပေ၈၀၀အထက်မှာ သွားနေမှာဖြစ်လို့ မိမိအတွက် ကား ကျော်ဖို့ရာမှာ မျက်နှာချင်းဆိုင်ကလာသည့်ယာဉ်နှင့် ပေ ၁၆၀၀အထက်(၁/၃မိုင်ခန့်)အကွာအဝေး လိုအပ်ပါတယ်။မည်သည့်အချိန်မဆို ကားကျော်တက်မယ်ဆို နေရာလွတ် လုံလုံလောက်မရနိုင်သည့် အခြေအနေများဖြစ်သည့် မျက်နှာချင်းဆိုင်ကလာသည့်ကား An oncoming vehicle ၊တောင်တက် တောင်ဆင်း A hill ၊ အကွေ့အဝိုက်ကွေ့ကြော A curve ၊လမ်းဆုံ An intersection နှင့် ပိတ်နေတဲ့ လမ်း A road obstruction စသည်တို့ကိုချဉ်းကပ်စဉ် အစဉ် သတိရှိပါလေ။
Do not pass:
အောက်ပါမခြေအနေမျိုးမှာ မကျော်တက်ပါနဲ့။
၁။တောင်တက်တောင်ဆင်းလမ်းနဲ့ ကွေ့ကြောတွေချဉ်းကပ်စဉ် မျက်နှာချင်းဆိုင်မှလာသည့် ကားအားမြင်နိုင်စွမ်းမရှိသည့်အခါ
၂။လမ်းဆုံတစ်ခုအဝင် ပေ၁၀၀အတွင်းရောက်ရှိချိန်တို့မှာ မိမိအတွက် လုံလောက်တဲ့နေရာလွတ် (enough room)မရရှိတတ်ပါသဖြင့် ကားကျော်တက်ခြင်းမှ ရှောင်ပါလေ။

ယာဉ်ကြောပြောင်းမည်ဆိုပါလျှင်
လားရာတူသွားနေတဲ့လမ်း ယာဉ်ကြောတစ်ကြောထက်ပိုလျှင် မိမိရှေ့မှယာဉ်မှ
မိမိ၏ရှေ့မြင်ကွင်းကို ကွယ်နေလို့ရှိလျှင်
ယာဉ်ကြောပြောင်းမယ်လို့သုံးပါ။ယာဉ်ကြောပြောင်းမယ်ဆို ၁။နောက်ကြည့်မှန်နဲ့
မိမိပြောင်းလိုတဲ့ဘက်က ဘက်မှန်ကိုကြည့်ပါ။
၂။အချက်ပြမီးဖွင့်ပါ။
၃။မျက်ကွယ်အရပ်ကို ဦးခေါင်းလှည့်ကြည့်ပါ။
၎။ယာဉ်ကြောပြောင်းရွှေ့ပါ။ပြီးလျှင်အချက်ပြမီးပြန်ပိတ်ပါ။
ဥပမာ။ ။ရန်ကုန်-မန္တလေး အမြန်လမ်း
အမြန်လမ်းမှာ လားရာတူ အသွားယာဉ်ကြော နှစ်ကြောရှိသဖြင့် အမြဲတမ်း ညာကြော(အောက်ကြော) မှ မောင်းရသည်မဆိုလိုပါ။မိမိရှေ့မြင်ကွင်းကွယ်နေလျှင် ယာဉ်ကြောပြောင်း၍ မောင်းပါ။
အထူးမှာကြားလိုသည်မှာ အမြန်လမ်းသည် လမ်းပုခုံးသား မကောင်းသဖြင့် အောက်ကြောရော အပေါ်ကြောပါ မည်သည့်ယာဉ်ကြောမျှ စိတ်ချစွာ မောင်း၍မရပါ။သို့မို့ကြောင့် အထူးဂရုစိုက်ကာ မောင်းသင့်လှပေ၏။
အမြန်လမ်းသည် ယာဉ်ကြောနှစ်ကြောရှိရာ သတ်မှတ်အမြန်နှုန်းဖြင့်သွားရသည်ဖြစ်၍ မိမိနှင့်အဆင်ပြေမည့်ယာဉ်ကြောကို အသုံးပြုမောင်းနှင်နိုင်ကြောင်းသိပါ။အမြန်လမ်းမှာ အခြားသော အဝေးပြေးလမ်းများကဲ့သို့ မီးအချက်ပြကိုမသုံးသင့်ပါဘူး။ယာဉ်ကြောပြောင်းသုံးမှာဖြစ်လို့ ညာကြောပြောင်းမယ်ဆို ညာအချက်ပြမီးကိုသုံးပါ။ဘယ်ကြော(အတွင်းကြော/အပေါ်ကြော)ကို ပြောင်းမယ်ဆို ဘယ်အချက်ပြမီးကိုအသုံးပြုပါ။ယာဉ်ကြောပြောင်းရွှေ့ပြီးလျင် အချက်ပြမီးကို ပြန်ပိတ်ပေးပါ။ဤကဲ့သို့ယာဉ်ကြောပြောင်းရွှေ့အသုံးပြုရာတွင် အခြားသူ၏ မျက်ကွယ်အရပ်မှာ ကြာကြာမနေသင့်ပါ။နောက်ချန်နေခြင်းသို့မဟုတ် အရှိန်မြင့်ကာ ကပ်လျှက်ယာဉ်ကြောမှသွားနေ သည့်ကားကို ကျော်၍ကာ မိမိ၏မျက်ကွယ်အရပ်တွင် မည်သည့်ကားမျှ ရှိမနေအောင် ဂရုစိုက် မောင်းသင့်ပါတယ်။လားရာတူယာဉ်ကြော နှစ်ကြောနှင့်အထက်ပိုပါက ကားကျော်မှာလို့ မသုံးနှုန်း သင့်ကြောင်း သိစေအပ်ပါတယ်။

အထက်ဖော်ပြပါအချက်များကို လိုက်နာပြီး ယာဉ်မောင်းမည်ဆိုပါလျှင်
အန္တရာယ်ကင်း ဘေးရှင်းစေမှာ ဖြစ်ကြောင်းသိစေအပ်ပါတယ်။
Dr. Thein Hlaing
B.D.S(Ygn.), F.I.C.D(U.S.A)